ဘူးသီးတောင်၊ သရက်ပြင်၌ မိုင်းပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ သရက်ပြင်ကျေးရွာ၌ မိုင်းပေါက်ကွဲမှုကြောင့် ရိုဟင်ဂျာကလေးနှစ်ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ သရက်ပြင်ကျေးရွာအုပ်စု ရွာချေရွာမှ ယင်းကျေးရွာအုပ်စု ရှာကေရွာသို့ ပြောင်းရွှေ့နေထိုင်နေသည့် ရိုဟင်ဂျာကလေးအချို့သည် မေလ (၁၂) ရက်နေ့ နံနက် ၁၀း၃၀ နာရီတွင် လူမနေတော့သည့် သရက်ပြင်ရခိုင်ရွာသို့ ထင်းရှာဖွေရန်သွားခဲ့ကြသည်။ ထိုစဉ် သရက်ပြင်ရခိုင်ရွာ၏ တောင်ဘက်ရှိ လယ်ကွင်းတွင် နွားကျောင်းနေသည့် ဖုံညိုလိပ်ကျေးရွာမှ ကလေးအချို့လည်း သရက်သီးခူးမည်ဟုဆိုကာ ထင်းရှာရန်သွားနေသည့် ကလေးများနှင့် ပူးပေါင်း၍ အိမ်ခြံဝင်းတစ်ခုထဲသို့ ဝင်ရောက် သရက်သီးများ ခူးခဲ့ကြသည်။ ထို့နောက် ကလေးအချို့သည် နေရိပ်ခိုရန်အတွက်ဟုဆိုကာ အိမ်အောက်သို့ဝင်သွားပြီးနောက် အိမ်အောက်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သရက်ပြင်ကျေးရွာအုပ်စု၊ ရွာချေရွာမှ ဦးဆိုင်ဖုလ္လာ၏ သမီးဖြစ်သူ အသက် (၁၀) နှစ် အရွယ် မရေဟဲနားဘေဂမ်သည် ယင်းနေရာတွင်ပင် ဦးခေါင်းပွင့်သွားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ 

ထို့နောက် ရွာချေရွာမှ ဦးရှော်ဖီအုလ္လာ၏ သားဖြစ်သူ အသက် ၁၁ နှစ် အရွယ် အဒူလာမီးန်သည် ခြေထောက်တစ်ဖက် ပြတ်သွားသည့်ဒဏ်ရာဖြင့် ၁၅ မိနစ်ခန့် အကြာတွင် သေဆုံးသွားခဲ့သည်။ 

ဖုံညိုလိပ်ကျေးရွာအုပ်စု အကွက် (၁၀) မှ ဦးဘော်ရှော်ရ်၏ သမီးဖြစ်သူ အသက် (၈) နှစ်အရွယ် မဆားဒဲကားသည် လက်မောင်းနှင့် လည်ပင်းတို့တွင် ဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

သရက်ပြင်ရခိုင်ရွာတွင် လွန်ခဲ့သည့် ၆ လ ကျော်ကစ၍ လူမနေတော့ဘဲ အခြားနေရာများသို့ ပြောင်းရွှေ့သွားကြသည်။ ထိုအချိန်မှစ၍ ယင်းရွာရှိ သစ်ပင်ချုံနွယ်များကို မြန်မာစစ်တပ်မှ စစ်သားများက ခုတ်ထွင်ရှင်းလင်း၍ စိုင်းဒင်တံတားပေါ်မှ ရွာကို အစအဆုံး မြင်ရအောင် ပြုလုပ်ထားသည်။ ၎င်းတို့ ခုတ်ထွင် ရှင်းလင်းထားသည့် သစ်ပင်၊ သစ်ကိုင်းများသည် ယင်းနေရာတွင်ပင် ကျန်ရစ်ခဲ့သည်။ 

သရက်ပြင်ရခိုင်ရွာသည် ရွာချေရွာ၊ ရှာကေရွာတို့နှင့် ကပ်လျက်ရှိသောကြောင့် ယင်းရွာများမှ ကလေးများသည် စစ်သားများ ထားရစ်ခဲ့သည့် သစ်ကိုင်းများ ကောက်ယူရန်နှင့် ကျန်ရှိသည့် သရက်ပင်များမှ သရက်သီးများ ခူးရန် သွားလေ့ရှိကြသည်။ 

ယခုပေါက်ကွဲခဲ့သည့် မိုင်းကို မည်သူမည်ဝါ ထောင်ထားသည်ကို အတိအကျ မသိရှိရသော်လည်း ယင်းရွာမှ ရွာသားများ ထွက်သွားပြီးနောက် ရွာထဲသို့ စစ်သားများ မကြာခဏ ဝင်ရောက်ခဲ့သည်။ AA မှ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာလျှင် ထိခိုက်အောင် ထောင်ထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆသလို၊ စစ်သားများ ဝင်ရောက်လာလျှင် ထိခိုက်ရန်အတွက် AA မှ ထောင်ထားခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ