လူမျိုးတုံးသတ်ဖြတ်မှု၏ သားကောင် ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံကို ပြန်လာချိန် မတန်သေးကြောင်းကို ပြသနေသည့် အဓိက အချက် (၆) ချက်
မောင်သစ္စာ (ရခိုင်ပြည်) Rohingya Today
၂၀၁၇ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသည့် ရိုဟင်ဂျာများ (ဓါတ်ပုံ - ABC News)

၂၀၁၆ အောက်တိုဘာလနှင့် ၂၀၁၇ သြဂုတ်လတို့တွင် လက်နက်ဆင်းရဲသည့် အာဆာအဖွဲ့၏ တိုက်ခိုက်မှုကို အကြောင်းပြု၍ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အရပ်သား ရိုဟင်ဂျာပြည်သူများကို တရားလက်လွန် နှိမ်နင်းခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (IFFM)၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) နှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ လေ့လာနေသည့် အဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင် မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် အရပ်သားရိုဟင်ဂျာပြည်သူ တစ်သောင်းကျော် အသတ်ခံခဲ့ရကြောင်း၊ ထိုအထဲတွင် မွေးကင်းစကလေးငယ်များ အပါအဝင် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ ပါဝင်ကြောင်း၊ မွေးကင်းစ ကလေးငယ်များကို မီးထဲသို့ ပစ်ထည့်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်အထိ ရှိခဲ့ကြောင်း၊ ရိုဟင်ဂျာ အမျိုးသမီး ထောင်ချီကိုလည်း မြန်မာလက်နက်ကိုင် တပ်ဖွဲ့များက အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ရိုဟင်ဂျာများ မှီတင်းနေထိုင်ခဲ့ကြသည့် ကျေးရွာပေါင်း ၄၀၀ ကျော် မီးရှို့ခံခဲ့ရကြောင်း၊ ရိုဟင်ဂျာများ၏ ဥစ္စာဓနများကို မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံအစွန်းရောက်ရခိုင်များ ပူးပေါင်း၍ လုယက်ဖျက်ဆီးခဲ့ကြောင်း စသည်တို့ ပါဝင်ပြီး အကျိုးဆက်အဖြစ် လူပေါင်း သန်းဂဏန်းနီးပါးသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသက်လု၍ ထွက်ပြေးခိုလှုံနေရသည်။

မြန်မာအစိုးရ၏ လုပ်ရပ်ကို IFFM အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံပေါင်းများစွာက “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် သတ်မှတ်ထားသည်။

မြန်မာအစိုးရ၏ ဖိနှိပ်ရက်စက်မှုဒဏ်ကို မခံနိုင်၍ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြသည်မှာ ၁၉၇၈ ခုနှစ်မှစ၍ ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအစိုးရတို့ နှစ်နိုင်ငံကြား ဒုက္ခသည်များ ပြန်လည်လက်ခံရေး သဘောတူစာချုပ်များ အကြိမ်ကြိမ် ချုပ်ဆိုခဲ့သည်။ ၂၀၁၇ နိုဝင်ဘာလ (၂၃) ရက်နေ့တွင်လည်း နောက်ဆုံးအကြိမ် ချုပ်ဆိုခဲ့ပြီး ယင်းသဘောတူစာချုပ်အရ ၂၀၁၈ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ဒုက္ခသည်များ စတင်၍ လက်ခံရန် သဘောတူခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့ပေ။

လွန်ခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့တွင် မြန်မာအစိုးရကိုယ်စားလှယ်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ သွားရောက်ပြီးနောက် လာမည့် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ဒုက္ခသည်များကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်ရေးလုပ်ငန်း စတင်တော့မည်ဟု နှစ်နိုင်ငံအစိုးရက ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာပြီးနောက် ကုလသမဂ္ဂ၊ အမေရိကန်အပါအဝင် နိုင်ငံပေါင်းများစွာက ရခိုင်ဒေသ၏ လက်ရှိ အခြေအနေသည် ရိုဟင်ဂျာများ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်သေးသည့် အခြေအနေ မရှိသေးကြောင်း သတိပေးစကားများ ဆိုကြသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးက ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ ပို့ရေးအား ရပ်ဆိုင်းထားရန် တောင်းဆိုထားသည်။

ရခိုင်ဒေသတွင် လက်ရှိနေထိုင်သည့် ရိုဟင်ဂျာများ ရင်ဆိုင်နေရသော အခြေအနေကို အနီးကပ်လေ့လာပြီး ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံဘက်ကို ပြန်လာရန် အချိန်မတန်သေးကြောင်း နားလည်နိုင်ရန် အဓိက အချက် (၆) ချက် ဖော်ပြပေးပါမည်။

၁။ မြန်မာအစိုးရက ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုရန် ငြင်းဆိုထားခြင်း

ရိုဟင်ဂျာများသည် ရခိုင်ဒေသ၏ မူလဘူတလူမျိုးစုတစ်စု ဖြစ်ကြောင်း ခိုင်မာသည့် သမိုင်းသက်သေများစွာ ရှိနေသော်လည်း အထောက်အထားများကို လက်မခံဘဲ တင်းပြည့်နိုင်ငံသား ဖြစ်ခဲ့သည့် ရိုဟင်ဂျာများကို နိုင်ငံသား အခွင့်အရေး ပြန်လည်ပေးရန် ငြင်းပယ်လျက်ရှိသည်။ တဆက်တည်းတွင် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများအဖြစ် အစိုးရကိုယ်တိုင် ပုံဖော်ဝါဒဖြန့်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

ဤနေရာတွင် ပေါ်လာသည့် မေးခွန်းတစ်ခုမှာ “အကယ်၍ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသားများ မဟုတ်ခဲ့လျှင် မြန်မာအစိုးရက ၎င်းတို့ကို ပြန်ခေါ်လာရန် အဘယ်ကြောင့် အသည်းအသန် လုပ်ဆောင်နေရသနည်း။” ဒုက္ခသည်များအား ပြန်ခေါ်မလာမီ မြန်မာအစိုးရအနေဖြင့် “ဤလူများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်” ဟု တရားဝင် ကြေညာထားရမည် ဖြစ်ပြီး ထိုသို့ တရားဝင် ကြေညာခြင်း မပြုမချင်း ဒုက္ခသည်များ ပြန်လာရန် လုံး၀ မသင့်ပေ။

၂။ ပြန်ဝင်လာမည့် ဒုက္ခသည်များကို ချက်ချင်းလက်ငင်း NVC ထုတ်ပေးမည်ဟု အစိုးရကကြေညာထားခြင်း

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အတည်ပြုခဲ့သည့် နိုင်ငံသားဥပဒေအရ တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံထားရသူများ ဖြစ်သည်နှင့်အညီ တစ်နိုင်ငံလုံးရှိ နိုင်ငံသားစစ်စစ်ကို ထုတ်ပေးခဲ့သည့် အမျိုးသားမှတ်ပုံတင်ကတ်ပြားကို အများသူငါ ကိုင်ဆောင်ခွင့် ရထားသူများလည်းဖြစ်သည်။ ယခုအခါ မည်သည့်ဥပဒေတွင်မှ မရှိသည့် NVC ကဒ်များကို အတင်းကိုင်ဆောင်စေပြီး နိုင်ငံသားဟုတ်မဟုတ်အစစ်ခံပါဟူ၍ ပြောဆိုနေခြင်းမှာ မည်သို့မျှ ယုတ္တိမဆန်ပေ။ NVC ကိုင်ပြီး နိုင်ငံသားမှတ်ပုံအတွက်လျှောက်လျှင် မြန်မြန်စီစစ်ပေးမည်ဟု အစိုးရက မီဒီယာများ ရှေ့မှောက်တွင် ပြောဆိုနေသော်လည်း လက်တွေ့ အကောင်အထည် ဖော်ခြင်း မရှိသည်ကို တွေ့ရသည်။ ပြည်တွင်း၌ ရှိနေသူအချို့က အစိုးရ၏ အတင်းအဓမ္မ အကျပ်ကိုင်မှုကြောင့် NVC ကိုင်ဆောင်ရသဖြင့် အထောက်အထားစုံစုံလင်လင်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ် ရရှိရေးအတွက် လ.ဝ.က ရုံးသို့ သွားလျှောက်သောအခါ လျှောက်ထားသူ၏ အမှုတွဲကို လက်ခံရန်အတွက်ပင် လ.ဝ.က ဝန်ထမ်းများက ငွေသိန်းချီ တောင်းသည်။ ၎င်းတို့တောင်းသမျှ ငွေကိုပေးပြီး လျှောက်ထားခဲ့သော်လည်း နှစ်ကြာသည်အထိ အစိုးရက မည်သို့မျှ အကြောင်းမပြန်ဘဲ ၎င်းတို့၏ အမှုတွဲများကို လ.ဝ.က ရုံးချုပ်၌ ထိန်းသိမ်းထားပြီး ယခုအခါ ထိုနိုင်ငံသားစိစစ်ရေး စီမံကိန်းကို ဆိုင်းငံ့ထားသည်ဟု အသံလွှင့်ထုတ်ထားသည်။

ထိုသို့ လျှောက်ထားသူ ၄၀၀ ဦး နီးပါးရှိသည်ဟု သိရပြီး ထိုဖြစ်ရပ်များကို ကြည့်လျှင် အစိုးရအနေဖြင့် အထောက်အထား မည်မျှပင် စုံလင်ပါစေ ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ဆန္ဒမရှိကြောင်း ပေါ်လွင်နေပြီ ဖြစ်ပါသည်။ ထို့အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုဝင်ဘာလ (၁၁) ရက်နေ့တွင် NVC ကိုင်ဆောင်သူများကို မောင်တောဒေသအတွင်းသာ သွားလာခွင့်ပြုမည်ဟု တရားဝင်ပြောထားသည်။ ဤသည်မှာ ပြန်လာသူများကို မောင်တောအတွင်း၌ပင် ပိတ်လှောင်ထားမည်ဟု အတိအလင်းပြောထားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် NVC သည် ရိုဟင်ဂျာများကို ကျွန်ဘဝသို့ သိသာစွာရောက်စေမည့် ကတ်ပြားတစ်ခုဖြစ်ပြီး ဝင်လာသူမှန်သမျှကို NVC လက်ငင်း ထုတ်ပေးမည်ဖြစ်သဖြင့် ထို NVC စီမံကိန်း မရုပ်သိမ်းမချင်း ဒုက္ခသည်များ လုံးဝ ပြန်မလာသင့်ပေ။

၃။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့် တရားခံများကို အရေးမယူဘဲ လွှတ်ထားပေးခြင်း

ရခိုင်မြောက်ပိုင်းတွင် ညံ့ဖျင်းသော လက်နက်များဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အာဆာ၏ လုပ်ရပ်ကို အကြောင်းပြုပြီး ဒေသခံများအပေါ် နယ်မြေရှင်းလင်းရေး လုပ်ရာတွင် အစိုးရ လက်နက်ကိုင် တပ်ဖွဲ့များက တရားလက်လွန် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည့် သက်သေ အထောက်အထားများစွာ ရှိသည်။ ဤသည်ကို ကုလသမဂ္ဂအဖွဲ့က "Genocide- လူမျိုးတုံးသတ်ဖြတ်မှု" နှင့် "Crime against humanity- လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇာဝတ်မှု" များအဖြစ် အထောက်အထားနှင့်တကွ တရားဝင် အသိအမှတ်ပြုထားပါသည်။ ထိုကဲ့သို့သော ကြီးမားသည့် ရာဇာဝတ်မှုများကို ထင်ရာစိုင်းကျူးလွန်ခဲ့သူများကို အရေးမယူဘဲ လွှတ်ပေးထားခြင်းသည် ထိုတရားခံများကို အဆိုပါပြစ်မှုများ ဆက်လက်ကျူးလွန်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသောကြောင့် ပြန်လာသူများ အနေဖြင့် အတိတ်က ခံခဲ့ရသကဲ့သို့ အချိန်မရွေး ညှဉ်းပန်းနှိပ်စက် ခံရနိုင်ပါသည်။ ထို့ကြောင့် ရိုဟင်ဂျာများအနေဖြင့် မိမိတို့အပေါ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သူများ၊ မိမိတို့ကို ဒုက္ခသည်ဘဝ ရောက်စေသည့် တာဝန်ရှိသူများကို သူတို့ကျူးလွန်သည့် ပြစ်မှုများအတွက် ထိုက်သင့်သည့် ပြစ်ဒဏ်ခံရနိုင်ရန် ICC ခုံရုံးအထိတင်ပြီး ပြတ်ပြတ်သားသား အရေးယူမှုများ မပြုမချင်း လုံးဝ ပြန်မလာသင့်ပေ။ 

၄။ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များကြောင့် ဆုံးရှုံးခံခဲ့ရသည့် အိုးအိမ်၊ စည်းစိမ်များကို ဖြည့်ဆည်းပေးမည်ဟု အစိုးရဖက်မှ အာမခံချက်များ မရရှိခြင်း

ရိုဟင်ဂျာများသည် နှစ်ပေါင်းများစွာ ခွဲခြားခံရသည့်အပြင် ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ရသော်လည်း ကိုယ့်ရပ်ကိုယ်ရွာတွင် တပိုင်တနိုင်လုပ်ငန်းများ လုပ်ကိုင်၍ အေးချမ်းစွာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုကို အဆုံးသတ်ထိ ခံစားလာပြီးသည့် အနည်းငယ်က မခံနိုင်သည့်အဆုံး ထပေါက်ကွဲခဲ့မှုကို အကြောင်းပြ၍ မြန်မာအစိုးရ လက်ကိုင်တပ်ဖွဲ့များက ရိုဟင်ဂျာများ၏ အိုးအိမ်များရှိသည့် ကျေးရွာပေါင်း ၄၀၀ နီးပါးကို မီးတင်ရှို့ခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကိုလည်း ဖျက်ဆီးပစ်ပြီး ၎င်းတို့၏ စည်းစိမ်ဥစ္စာများကိုလည်း လုယူခဲ့သည်။ ဤသည်မှာ ရိုဟင်ဂျာများကို မိမိတို့၏နေရပ်များတွင် နေခွင့်မရအောင်လုပ်ပြီးမှ တိုင်းတစ်ပါးသို့ အတင်အကြပ် နှင်ထုတ်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပြန်လာသူများအနေဖြင့် မိမိ၏ မူလနေရာ၌ နေထိုင်ခွင့်ရရှိရေးအာမခံချက်၊ မိမိတို့ ဆုံးရှုံးခံခဲ့ရသည့် အိုးအိမ်၊ စည်းစိမ်များကို ပြန်လည်ဖြည့်ဆည်းပေးမည့် အာမခံချက်များ မရမချင်း ပြန်လာရန် လုံးဝမသင့်ပေ။

၅။ အကြမ်းဖက်သမား ခေါင်းစဉ်အောက်၌ ဘဝထပ်ပျက်နိုင်သည့် အန္တရယ်ရှိနေခြင်း

ပထမအသုတ်အဖြစ် ပြန်လာမည့် ဒုက္ခသည် ၈၀၃၂ ဦးတွင် အကြမ်းဖက်သမား ၆၅ ဦးပါနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတွင်းအတွင်းဝန်ဦးမြင့်သူက နိုဝင်ဘာလ (၁၁) ရက်နေ့၌ ပြောကြားခဲ့သည်။ သို့သော် ၎င်းက အကြမ်းဖက်သမားများသည် မည်သူမည်ဝါ ဖြစ်သည်ဆိုသည်မှု တိကျစွာ ပြောဆိုထားခြင်း မရှိပေ။ ဤသည်မှာ ပြန်လာသူမှန်သမျှကို အကြမ်းဖက်သမား တံဆိပ်ဖြင့် လိုသလိုဖမ်းဆီးပြီး ဘဝဖျက်ဆီးပစ်မည့်ပုံရှိသည်။ အစိုးရက အကြမ်းဖက်သမားခေါင်းစဉ်ဖြင့် လူပေါင်း ၁၃၀၀ နီးပါး၏ အမည်စာရင်းတစ်ခုကို လွန်ခဲ့သော ဇန်နဝါရီလက အစိုးရပိုင် သတင်းစာ၌ ဖော်ပြခဲ့ဖူးသည်။ သို့သော် ထိုလူများကို မည်သည့်စံဖြင့် အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသည်ကိုမှု အတိအကျ ရှင်းလင်းထားခြင်းမရှိပါ။

ထူးခြားသည့်ဖြစ်စဉ်တစ်ခုမှာ ဧပြီလ (၄) ရက်နေ့က အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင့်၊ လူပြန်ကယ် ဒုဝန်ကြီး ဦးစိုးအောင် တို့နှင့် မောင်တောခရိုင်မှ ဒေသခံရိုဟင်ဂျာများ တွေ့ဆုံပွဲ၌ ထိုစာရင်း၌ ပါဝင်သူ မောင်တောမြို့၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး မော်ဂျီအူလ္လာ ဆိုသူကို တွေ့ခဲ့ရခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အစိုးရဖက်က ရပ်တည်ကာကွယ်ပေးရန် ၎င်းကို စင်ကာပူနိုင်ငံအထိ အစည်းအဝေး လွှတ်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။ ဆိုလိုချင်သည်မှာ အကြမ်းဖက်သမားအဖြစ် ကြေညာခြင်းခံရသူများသည် တကယ်တမ်း အကြမ်းဖက်သမားများ ဖြစ်ကြပါသလား။ အကယ်၍ ဖြစ်ခဲ့လျှင် သတင်းစာမှာ အကြမ်းဖက်သမားအဖြစ် ကြေညာခံရပြီး နောက်ပိုင်း မော်ဂျီအူလ္လာသည် အဘယ်ကြောင့် အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် တစ်နေရာတည်းတွင် ထိုင်၍ အစည်းအဝေးတက်ခွင့် ရပါသနည်း။ အစိုးရ၏ အစီအစဉ်ဖြင့် နိုင်ငံရပ်ခြားကို အဘယ်ကြောင့် ခရီးသွားခွင့်ရပါသနည်း။ အတိုချုပ်ပြီးပြောရလျှင် အစိုးရက ကြေညာခဲ့သည့် အကြမ်းဖက်သမား စာရင်းသည် နှစ်စဉ်လုပ်ခဲ့သည့် န.က.ဖ ၏ ဆွဲတင်စစ် မှတ်တမ်းမှ ဓာတ်ပုံများကို ခန့်မှန်းပြီးယူ၍ အကြမ်းဖက်သမားများအဖြစ် အရေအတွက်များများဖြင့် ပုံဖော် ကြေညာခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ လူပေါင်း ၁၃၀၀ နီးပါးကို အကြမ်းဖက်သမားအဖြစ် လက်လွတ်စပယ် ကြေညာထားသည်ကို အစိုးရဖက်က တရားဝင် မဖျက်သိမ်းသေးသရွေ့ ဒုက္ခသည်များ ပြန်လာရန် လုံးဝမသင့်ပေ။ 

၆။ "ပြန်လည်လက်ခံရေးစခန်းလား၊ ရာသက်ပန်နေရမည့် အကျဉ်းစခန်းလား" ရေရာမှုမရှိခြင်း

အစိုးရက ဖွင့်လှစ်ထားသည့် ပြန်လည်လက်ခံရေးစခန်းများသည် ပြန်လာသူများအတွက် ရာသက်ပန်နေထိုင်ရာ အကျဉ်းစခန်း ဖြစ်သွားနိုင်သလားဟူသော မေးခွန်းရှိပါသည်။ အကောင်းဆုံး သာဓကအနေဖြင့် စစ်တွေက IDP စခန်းများပင် ဖြစ်သည်။ ၂၀၁၂ ကတည်းက ယာယီဖွင့်လှစ်ထားသည့် IDP စခန်းများသည် စစ်တွေမှ ရိုဟင်ဂျာများအဖို့ ရာသက်ပန် အကျဉ်းစခန်းများကဲ့သို့ ဖြစ်နေပါသည်။ ၎င်းတို့၏ မူလနေရာတွင် နေရာချထားပေးရန် အစီအစဉ်ရှိနေသည်ဟူ၍ မြန်မာအစိုးရက အရိပ်အယောင်ပင် ပြသခြင်းမရှိချေ။ ၎င်းတို့်ကို ထို IDP စည်းဝိုင်းမှ မည်သည့်နေရာကိုလည်း သွားခွင့် မပေးပေ။ ပြန်ဝင်လာသူများကိုလည်း မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်တို့တွင် လုံးဝနေရာချမပေးရန်အတွက် တစ်ဖက်တွင် အစွန်းရောက်ရခိုင်များက ဆန္ဒပြတောင်းဆိုနေပြီ ဖြစ်သလို ရခိုင်ပြည်နယ်လွှတ်တော်မှလည်း ဆုံးဖြတ်ချက် ချထားသည်။ ဒုက္ခသည်များကို ပြန်ခေါ်ပြီး မြန်မာနိုင်ငံအတွင်း သွင်းနိုင်လျှင် မြန်မာအစိုးရက ထိုပြန်လည် လက်ခံရေးစခန်းများကို ရိုဟင်ဂျာများအတွက် ရာသက်ပန်နေထိုင်ရာ အကျဉ်းစခန်း လုပ်ပစ်နိုင်သည့် အနေအထား ရှိနေပါသည်။ ထို့ကြောင့် မြန်မာအစိုးရက ပြန်လာသူများကို မူလနေရာတွင် ပြန်လည်နေရာချထားပေးမည်ဟု တိကျသေချာသော ကတိကဝတ်များ မပေးမချင်း ဒုက္ခသည်များအနေဖြင့် ပြန်လာရန် လုံးဝမသင့်တော်ပေ။

- အထက်ပါအချက်များ အားလုံးကို မြန်မာအစိုးရဖက်က တိကျသေချာသော ကတိကဝတ်များ မရမချင်း ဒုက္ခသည်များ ပြန်လာခဲ့မည်ဆိုလျှင် အရင်ကထက်ပို၍ ဆိုးရွားမှုများနှင့် ရင်ဆိုင်ရရန်သာ ရှိပါသည်။

မိမိတို့ မွေးဖွားရာဌာနေ၌ လူ့ဂုဏ်သိက္ခာရှိရှိ အသက်ရှင်ခွင့်ရရှိရန် လိုအပ်ပြီး၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ထားသည့် မြန်မာအစိုးရ၏ ပါးစပ်ပြောစကားများကို အယုံလွယ်၍ မိမိတို့၏အသက်များကို လောင်းကြေးထပ်ကာ အလောတကြီး ပြန်မလာသင့်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ